အောင်လံ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့်အလေ့အထကောင်းရရှိစေရန်ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ Mask Campaign အားအရှိန်အဟုနမြှင့် ဆောင်ရွက်ခြင်းကိုယနေ့နံနက်(၉)နာရီက အောင်လံမြို့ မြို့မဈေးကြီး၊ အ−ထ−က(၁)ကျောင်းရှေ့၊ အောင်လံမြို့ တမာပင်တာဂွလမ်းဆုံတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလှုပ်ရှားမှုတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအဖွဲ့များသည် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ပြည်လမ်းမ တစ်လျှောက်လမ်းသွားလမ်းလာများနှင့် ယာဉ်ပေါ်ရှိခရီးသည်များအား နှာခေါင်းစည်း Mask တပ်ဆင် သွားလာမှု ရှိ/မရှိ စစ်ဆေး၍ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိပါက Mask တစ်ခုလျှင် ငွေကျပ်(၁၀၀၀)နှုန်း၊ နှစ်ခု (၂၀၀၀)ကျပ်နှုန်းဖြင့် ဒဏ်ပေးသည့် အနေဖြင့် ရောင်းချတပ်ဆင်စေပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးလွင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)