ကန်ကြီးထောင့်မြို့နယ်၌ တောင်သူ ၃၉၅ ဦး၏ ရေကြီးနစ်မြုပ်လယ်မြေများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ကန်ကြီးထောင့်    ဩဂုတ် ၂၈

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ခုနှစ် မိုးစပါးရာသီတွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ၏ လယ်မြေများ အတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ၂၀၁၉ - ၂၀၂၀ ခုနှစ် မိုးစပါး ရာသီတွင် ရေကြီးနစ်မြုပ် ပျက်စီးခဲ့သော တောင်သူများ၏ လယ်မြေများအတွက် နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို တောင်သူများလက်ဝယ်သို့ စာရင်းဇယား တိကျမှန်ကန်စွာဖြင့် မြန်ဆန်စွာရောက်ရှိရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်မိုးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ အုပ်စု ၉ အုပ်စုမှ တောင်သူ ၃၉၅ ဦး၏ လယ်မြေဧက ၁၂၈၀ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၂၈ သိန်းကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)