ပုလဲ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေး ဆယ်အိမ်စုအလိုက် တိုက်ဆိုင်စစ်ဆေးသည့်စနစ် ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပုလဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းကြည်က “ ကျွန်တော်တို့ ပုလဲမြို့နယ်အတွင်းရှိ ဆန္ဒမဲပေး ပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်ကပ်ထား ကြေညာထားခဲ့ရာ လာရောက်ကြည့်ရှု သူ ၁၈၂၇၃ ဦးရှိပြီး မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် မပါဝင်၍ ပုံစံ( ၃ )ဖြင့် အမည်ထည့်သွင်းရန် တောင်းဆို လျှောက်ထားသူ ၁၂၅၂ ဦး၊ မဲဆန္ဒရှင်စာရင်းမှာ မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် ကန့်ကွက်ထားသူ ၅၆၆ ဦး၊ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်တဲ့ အချက်အလက်များ မှားယွင်းနေ၍ ပုံစံ(၄ ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းသူ ၄၄၇ဦး ရှိပါတယ်။ ပထမ အကြိမ် ကြေညာခဲ့တဲ့ မဲဆန္ဒရှင်စာရင်းများနှင့် ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းကို ဩဂုတ် ၁၇ ရက်မှ စတင် ဆောင်ရွက်ခဲ့ရာ ၂၃ ရက်မှာ လုပ်ငန်းများ ပြီးစီးခဲ့ပြီ ဖြစ်လို့ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက မိမိတို့ရပ်ကွက် /ကျေးရွာအုပ်စု အတွင်းရှိ ဆယ်အိမ်စုအလိုက် မဲဆန္ဒရှင်စာရင်းမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးနှင့် ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းများ ရရှိစေရေးအတွက် ရက်သတ္တပတ် ၃ပတ်ကြာအောင် တိုက်ဆိုင်စစ်ဆေးသည့် စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါတယ်။ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းများကို ကိုယ်တိုင် မကြည့်ရှုနိုင်ပါက မိမိ၏ အမည် မဲဆန္ဒရှင်စာရင်းတွင် ပါ/ မပါကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး Hot Line ဖုန်း ၀၇၁ - ၂၀၃၅၁၉၅သို့လည်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ကလည်း မိမိတို့တာဝန်ယူထားသော နယ်မြေအလိုက်မှာ ပါဝင်တဲ့ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ သွားရောက်၍လုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက် ပေးလျက် ရှိပါတယ် ” ဟု ပြောပြသည်။
ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံ ၁၆၁ ရုံ ထားရှိပြီး မဲဆန္ဒရှင်ပေါင်း ၁၂၀၀၀၀ကျော် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)