ကြံခင်း ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော တည်းခိုခန်း (၄) ခုအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ မရှိကို ယမန်နေ့က မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များအား လိုက်နာမှု ရှိ မရှိ စစ်ဆေးခြင်းဖြစ်ပြီး၊ တည်းခိုခန်း ဝန်ထမ်းများသိရှိရမည့် သတ်မှတ်စည်းကမ်းချက် (၁၂) ချက်နှင့်အညီ တည်းခိုခန်းတွင် လာရောက်တည်းခိုသော ဧည့်သည်များ ဝန်ဆောင်မှုပေးလျှင် အတတ်နိုင်ဆုံး ထိတွေ့မှုနည်းအောင် စီစဉ်ထားရှိရန်၊ ဧည့်သည်များရဲ့ (၁၄) ရက်အတွင်း ခရီးသွားမှတ်တမ်း၊ ကျန်းမာရေးနှင့် ရပ်ကွက်ထောက်ခံချက်များ၊ လက်ဆေးရန် နေရာ သတ်မှတ်ထားရှိပေးခြင်းများ၊ လက်သန့် ဆေးရည် ထားရှိပေးခြင်းများ၊ ဧည့်သည်တစ်ဦး တည်းခိုပြီးသည်နှင့် စနစ်တစ်ကျ အသစ်လဲလှယ် ပိုးသတ်ဆေးဖြန်းရန် အသိပညာ ပေးထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိ အားစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးပိုစတာများ၊ လက်စနစ်တကျဆေးပုံများ၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ခြင်း များအား အသိပညာပေး စစ်ဆေးခဲ့ပြီး လိုအပ်ချက်များမရှိစေရန် ပြင်ဆင်ဆောင်ရွက်ထားမှုအား စစ်ဆေးကြပ်မတ် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုအား မြိုနယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)