မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင် သစ္စာစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၀ကျော်အား နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး

မိုးညှင်း  ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မိုးညှင်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေး ကတ်ပြား ၅၇ ခုအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးမှုအရ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် အသက်(၁၀)နှစ်အောက် ကျား ၂၁ ဦး၊ မ ၁၃ ဦး စုစုပေါင်း ၃၄ဦးနှင့် အသက် ၁၈ နှစ်အထက် ကျား ၉ ဦး၊ မ ၁၄ ဦး စုစုပေါင်း ၂၃ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးသူထံမှ သိရသည်။

“ဒီစီမံချက်ကို အခုနှစ်ဇွန်လကနေပြီး ဆောင်ရွက်ပေးခဲ့တယ်၊ ဒီနေ့ဆိုရင် မော်ဟန်ကျေးရွာအုပ်စုကို ကွင်းဆင်း ဆောင်ရွက်မယ်၊ တစ်မြို့နယ်လုံးဆိုရင် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးတဲ့သူပေါင်း ၂၀၀၀ နီးပါးလောက် ကွင်းဆင်းဆောင်ရွက် ပေးပြီးပြီ၊ ကွင်းဆင်းဆောင်ရွက်ဖို့ ကျေးရွာတွေ သိပ်မကျန်တော့ဘူး ကျန်တဲ့ရွာတွေကိုလည်း ဆက်လက် ဆောင်ရွက် ပေးသွားမယ်”ဟု မြို့နယ်ဦးစီးမှူး ဦးစိုးသူက ပြောကြားသည်။

ယခုစီမံချက်သည် မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (နံပါတ်)လစ်လပ်နေသည့် မဲဆန္ဒရှင် များကို အဓိကထားပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိအောင် ဆောင်ရွက်သည့် စီမံချက်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးသူက ပြောကြားသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)