လွိုင်ကော် ဖေဖော်ဝါရီ ၁၈
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့ နံနက် ၉ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇ ပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကယားပြည်နယ်တွင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဦးဆောင်၍ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများ ပူးပေါင်း၍ မြေပြင်တွင် ထိထိရောက်ရောက် လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းသို့ လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများကို စစ်ဆေးဆောင်ရွက်ရေးနှင့် ရောဂါ ပိုးတွေ့ရှိသူများအား စနစ်တကျကုသရေး အကောင်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန်လို အပ်ကြောင်း၊ ပြည်သူများအား အသိ ပညာ ပေးရေးလုပ်ငန်းများကို မြေပြင်တွင် ဌာနဆိုင်အသီးသီးက ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် မီဒီယာနည်းလမ်းများဖြင့်လည်း ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ဆေးပစ္စည်းများနှင့် အောက်စီဂျင်အိုး များကို ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အလုံအလောက် ထိန်းသိမ်းထားရှိ အသုံးပြုနိုင်ရေး အတွက်လည်း ကြိုတင်စီစဉ် ဆောင်ရွက်ပေး ထားရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံမှု အနေဖြင့် ပြည်သူများအားလုံး အပြည့်အဝ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ပေးနေသော လူမှုရေး အသင်းအဖွဲ့များ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်းရေးမှူး၊ ဗိုလ်မှူးကြီးမြင့်ဝေက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်း လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှု အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)