ဖားဆောင်းမြို့နယ် ​​မြို့​​​ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် အသိပညာပေး နှိုးဆော်

ဖားဆောင်း ​ဖေ​ဖော်ဝါရီ ၁၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ   ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီ အချိန်က  မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်​ စေတနာ့ဝန်ထမ်းတို့က ပူးပေါင်း၍ မြို့​ပေါ် ရပ်ကွက်များတွင် မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံမှုများ ပိုမိုများပြားလာနေပြီ ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို  ဆက်လက် ကာကွယ်တားဆီးနိုင်ရန် ဖားဆောင်းမြို့နယ် ​​မြို့​​​ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ အပြင်ထွက်ပါက ပါးစပ် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျစက္ကန့်(၂၀) ကြာ   ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း(Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်လေထွက် ကောင်းအောင ပြုလုပ်ထားကြရန်၊ အပြင်မှပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက် အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တာဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်စသည့် အချက်များကို  မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့်   စဉ်ဆက်မပြတ် နှိုး​ဆော်​ပေးလျက်ရှိ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)