အင်းတော် ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အင်းတော်မြို့နယ် ခရမ်းစပ်ကုန်း ကျေးရွာအုပ်စု၊ မိုးလှိုင်းကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကောင်းမွန် သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (Good Aquaculture Practices) (GAqP) နည်းပညာပေးသင်တန်းကို ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
မိမိတို့အနေဖြင့် ရေသတ္တဝါများ မွေးမြူရာတွင် ကောင်းမွန်သော အလေ့အထများ ရရှိလာစေရန်၊ အင်းတော် မြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ မိုးလှိုင်းကုန်းကျေးရွာတွင် ငါးမွေးမြူရေးလုပ်ငန်းရှင်များ များပြားသည့် အတွက်ကြောင့် လည်းကောင်း၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်များ အရည်အသွေးမြင့်မား လာစေရန် အတွက်လည်းကောင်း၊ ဒေသခံပြည်သူများ၊ စားသုံးသူပြည်သူများ အနေဖြင့် လတ်ဆတ်၍ ဘေးအန္တရာယ် ကင်းရှင်းသော ဒေသထွက် ငါးသယံဇာတများအား စားသုံးနိုင်ရေး ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ကသာခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးထွန်းလှအောင်က ပြောပြခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးသိန်း၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်မင်းဦးတို့က အမှာစကားများ ပြောကြားခဲ့ကြပြီး ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းသင်တန်းသို့ ပေပင်ကျေးရွာမှ သင်တန်းသား (၂) ဦး၊ မိုးလှိုင်းကုန်းကျေးရွာမှ သင်တန်းသား (၂၀) ဦး စုစုပေါင်း သင်တန်းသား (၂၂) ဦးတက်ရောက် သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) ရက် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ကျော်သီဟ