ကိုဗစ်-၁၉ ကာလ တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့်ကျောင်းများ၊ ကျောင်းခွဲ များနှင့် ကိုယ်ပိုင်ကျောင်းများ ယာယီပိတ်ထား

တောင်ငူ ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ရှိ အခြေခံပညာ အထက်တန်းဆင့် ကျောင်းများ၊ ကျောင်းခွဲများနှင့် ကိုယ်ပိုင် ကျောင်းများမှ ဆန်းစစ်ချက်ပြည့်မီသည့် ကျောင်းများကို ဇူလိုင်လ အတွင်း ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဩဂုတ်လ (၂၇)ရက်မှ စတင်ကာ ဖွင့်လှစ်ခွင့်ယာယီ  ပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

`` ကိုဗစ် -၁၉ရောဂါ ပြည်တွင်းကူးစက်မှု များပြားလာသည့်အတွက်ကြောင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ် နိုင်အောင် အခြေခံပညာကျောင်းများကို  ယာယီပိတ်ထားရန် ညွှန်ကြားချက် အရ တောင်ငူမြို့နယ်အတွင်းရှိ ဆန်းစစ်ချက် အဆင့် (A)ရရှိသည့် အခြေခံပညာ အထက်တန်း ကျောင်း (၁၅)ကျောင်း ၊ အ.ထ.က (ခွဲ)ကျောင်း (၇) ကျောင်း ၊ ကိုယ်ပိုင် ကျောင်း (၁၂)ကျောင်းကို ယနေ့ နံနက်ပိုင်းကစပြီး ယာယီပိတ်ထားလျက်ရှိကြောင်း ´´ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်နိုင်က ပြောကြားသည်။

``အခုလို ကျောင်းတွေကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဖို့  ပြန်လည် ယာယီ ပိတ်ထား ခဲ့ရတဲ့အတွက် ကျောင်းသို့ သွားရောက် သင်ကြားနေရတဲ့ မိမိရဲ့ သားငယ် သမီးငယ်တွေအတွက် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ပိုပြီး ဘေးကင်း စိတ်ချနိုင်မယ်။ မိဘတွေအတွက်လည်း စိုးရိမ်သောက ကင်းပါတယ် ´´ဟု ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့နယ်အတွင်း ဇူလိုင်လ ၂၁ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့သည့်  ဆန်းစစ်ချက်ပြည့်မှီသည့်  အဆင့် (A) ရရှိသည့် ကျောင်းပေါင်း (၂၄) ကျောင်းတွင် ပညာသင်ကြားနေသည့် နဝမတန်း Grade-10 ၌ (၃၅၁၅ ဦး ၊ ဒသမတန်း (Grade -11) ၌ (၃၄၈၈) ဦးရှိကြောင်း ယခုအခါ ကျောင်းများ ယာယီပိတ်ထားလျှက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ထက် (တောင်ငူ)