ပွင့်ဖြူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ဖီလာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင် ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ် ကိုင်နိုင်ရန်နှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် စီမံကိန်းတွင် လိုက်နာရမည့် မူဘောင်များ ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်း များ၏ အားသာချက် ၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ လယ်ဖီလာကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းဝင် အသင်းသား၊ အသင်းသူများက စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေ တိုးပွားရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်လိုသည့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ငန်း များနှင့် စပ်လျဉ်းပြီး တင်ပြဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးသုံးစွဲမှု စနစ်တကျ ဖြစ်စေရေးနှင့် ငွေစာရင်းမှတ်တမ်းများ တိကျမှန်ကန်စွာ ဖြည့်စွက်ရေးသွင်း ထိန်းသိမ်းထားရှိရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် လယ်ဖီလာကျေးရွာရှိ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် စီမံကိန်းဝင်အသင်းသား (၁၄၄)ဦးအား မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၄ ဒသမ ၅ သန်းအား ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အသင်းသားတစ်ဦးချင်းစီ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ရဲဝင်းနိုင် (ညောင်ဦး)