ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၁၅

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းက ကယား ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များ နှင့်ပတ်သက်၍ ထပ်ဆင့်ရှင်းလင်းရာ တွင်ပြည်သူများနှင့် ဌာနဆိုင်ရာများစုပေါင်းအား ဖြင့်ဆောင်ရွက်လျှင်လုပ်ငန်းများ အားလုံးအောင်မြင်မည် ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ပေါများဖူလုံမှုရှိစေရေး တို့သည် အရေးကြီးသည့် အချက်၂ ချက်ဖြစ်ပြီး မဖြစ်မနေ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်း၊ တိုင်းပြည် တည်ဆောက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်အတွက် ပညာတတ်များ လိုအပ်သောကြောင့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများ၊ အသက်မွေးဝမ်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရာတွင် လိုအပ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစား၊ စီးပွားရေး၊ စက်မှုလုပ်ငန်း၊ စက်မှုလယ်ယာလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ကိုလည်း ပြည်သူများအကျိုးအတွက် တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်အနေဖြင့် မော်တော်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနေပြီး လျှပ်စစ်မီးရရှိမှု အနေဖြင့် လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့တွင် ၂၄နာရီ ပုံမှန်မီးပြန်လည်ရရှိပြီ ဖြစ်ကြောင်း၊ ကျန်ရှိသည့် မြို့နယ်များတွင်လည်း လျှပ်စစ်မီး အမြန်ဆုံး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာအသီးသီးတို့က ပြည်နယ်အတွင်း ပြည်သူများ အကျိုးအတွက် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးမည့် အခြေအနေများကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်း(၅၂)ဦး တက်ရောက် ခဲ့ကြပြီး အစည်းအဝေးအား  ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)