စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ကျန်းမာရေး စစ်ဆေးရေးဂိတ် လေးခုဖွင့်လှစ်ထားသွားမည်

မော်လိုက် သြဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျန်းမာရေးစစ်ဆေးရေး ဂိတ်လေးခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၁၀ နာရီအချိန် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ် သည့် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

အစည်းအဝေးတွင် ခရိုင်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေမှု အခြေအနေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် မော်လိုက်မြို့နယ်တွင် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စေတနာ့ဝန်ထမ်းများက လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရှိရသည်။

မော်လိုက်မြို့နယ်တွင် COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့ဝင်၊ မြို့ထွက်နှင့် ရေယာဉ်ဂိတ်နှင့် တောင်းအင် ကျေးရွာတို့တွင် ကျန်းမာရေးစစ်ဆေးဂိတ်များကို ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်ရောက်လာသူများ ရှိလာပါက Community Based Facility Quarantine ထားရှိနိုင်ရန် အ.ထ.က(မော်လိုက်) ကျောင်းနှင့် မိုးလုံလေလုံ အားကစားခန်းမတို့အား ကြိုတင်ပြင်ဆင်ထားရှိနိုင်ရန်၊ မြို့နယ်အတွင်းရှိ ပြည်သူများ ပါးစပ်နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်နိုင်ရေးနှင့် တပ်ဆင်ခြင်း မရှိပါက အရေးယူဆောင်ရွက်သွားရန်၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များအား ပြည်သူများအားလုံး လိုက်နာစေရန် သက်ဆိုင်ရာဌာနများမှ စစ်ဆေးကြပ်မတ်သွားကြရန်နှင့် ပါးစပ်နှာခေါင်းစည်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေး စသည် တို့အား ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

မော်လိုက်သားလေး