မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မင်းဘူး  ဩဂုတ်   ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ် နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က မင်းဘူးမြို့ မြောက်လှည်းကောက် အဝိုင်း ပတ်နှင့် ခရိုင်ပြည်သူ့ အားကစား ကွင်းရှေ့တို့တွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံ နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ပူးပေါင်း၍ စကု-မင်းဘူးကားလမ်း၊ မင်းဘူး-မကွေး ကားလမ်းပေါ်တွင် သွားလာနေသော မော်တော်ဆိုင်ကယ် များ၊ ခရီးသည်တင် မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြရန်၊ ကိုရိုနာဗိုင်းရပ်ရောဂါသည် အသက်ရှု လမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက် ဝင်ရောက် ကူးစက်ပျံ့နှံ့စေခြင်း၊ အရာဝတ္တုများ၌ ထိကပ်နေသော ရောဂါပိုး များအား လက်နှင့် ကိုင်တွယ်ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခြင်းစသည့် ရောဂါကူးစက်နိုင်ခြေရှိသည့် ကာကွယ် ရမည့် နည်းလမ်းများ စသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး နှာခေါင်းစည်း (Mask) များ မတပ်ဆင်သူများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း(မင်းဘူး)