မြိတ် မတ် ၃၀
Covid - 19 ရောဂါ ကာကွယ်ရေးအတွက် မြိတ်မြို့သို့ မတ်လ(၃၀)ရက် နေလယ်ပိုင်းတွင် ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးနှင့် သင်္ဘောနှင့် မော်တော်ကားဖြင့် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်(၁၇)ဦးနှင့် နေ့လယ်ပိုင်းတွင်ရောက်ရှိလာသော နေရပ်ပြန် (၇)ဦး တို့အား ကျန်းမာရေး စစ်ဆေးပေးပြီး အေးရိပ်ချောင်မဟာစည်ရိပ်သာ ဘုန်းတော်ကြီး ကျောင်းတွင် Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
မြိတ်မြို့သို့ မော်တော်ကားဖြင့်ရောက်ရှိလာသော နိုင်ငံခြားသား(၄)ဦးမှာ ပြင်သစ်နိုင်ငံသား(၂)ဦး၊ ကနေဒါနိုင်ငံသား(၁)ဦးနှင့် စပိန်နိုင်ငံသား(၁)ဦးတို့ဖြစ်ကြပြီး နေရပ်ပြန်(၂၄)ဦးမှာ မလေးရှား နိုင်ငံမှ ပြန်လာသော စားဆီ သင်္ဘောမှ(၁၃)ဦး၊ ထိုင်းနိုင်ငံမှမော်တော်ကားဖြင့်ပြန်လာသူ(၄)ဦး၊ ထိုင်းနိုင်ငံမှ စားသောက်ကုန်သင်္ဘောဖြင့်ရောက်ရှိလာသူ(၇)ဦး စုစုပေါင်း(၂၈)ဦးကို သင်္ဘောဆိပ် နှင့် ကားဂိတ်တို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုနှင့် ကျန်းမာရေးစစ်ဆေးရေးအဖွဲ့များက သင်္ဘောဆိပ်နှင့် ကား ဂိတ်သို့ သွားရောက်ကာ ကျန်းမာရေး စစ်ဆေးခဲ့ကြပြီး Facility Quaratine စောင့်ကြပ်ကြည့်ရှုရန် ခေါ်ယူ ခဲ့ကြသည်။
“နေရပ်ပြန်များအနေဖြင့် မြိတ်မှာနိုင်ငံခြား သွားရောက်အလုပ်လုပ်တာများပါတယ်။ နေရပ် ပြန်လာကြသူများကို စစ်ဆေးရေးဂိတ်တွေမှာစစ်ဆေးပါတယ်။ ရပ်ကွက် ကျေးရွာများသို့ နေရပ်ပြန်များ ရောက်လာလို့ရှိရင် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာအဖွဲ့မှ စစ်ဆေးနေတာ ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ Home Quaratine ဖြင့် စောင့်ကြည့်လျက်ရှိပြီး အခု နောက်ပိုင်း Facility Quaratine အဆောင်တွေဖွင့်ပြီဖြစ်တဲ့အတွက် နောက်ပိုင်းဝင်လာမယ့် သူတွေကို Facility Quaratine အဖြစ် စခန်းတွေမှာ (၁၄)ရက်စောင့်ကြည့်ဖို့ စီစဉ်ထားပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင် ကပြောသည်။
မြိတ်မြို့သို့ရောက်ရှိလာသော နိုင်ငံခြားသား (၄)ဦးနှင့် နေရပ်ပြန်(၂၄)ဦးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး ၄င်းတို့ကို ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများမှ စောင့်ရှောက် ပေးလျက် ရှိကာ အေးရိပ်ချောင်ရိပ်သာ ဆရာတော် ဦးဆောင်မှုဖြင့် စေတနာရှင်များက ကျွေးမွေး ဆောင်ရွက်လျက်ရှိသည်။ မြိတ်မြို့တွင် မြိတ်ခရိုင် Covid−19 ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီး ကော်မတီမှ Facility Quaratine စခန်းများဖွင့်လှစ်ရန် ကြိုတင်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
Facility Quaratine ဖြင့် (၁၄)ရက် စောင့်ကြပ်ကြည့်ရှုမည့် နိုင်ငံခြားသားများနှင့် နေရပ်ပြန် များကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး မြိတ်ခရိုင် Covid−19 ကာကွယ် ထိန်းချုပ် ကုသရေး ဦးစီးကော်မတီမှ Facility Quaratine စခန်းများ ဖွင့်လှစ်ရန် စီစဉ်ထားသော နေရာများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။ မြိတ်မြို့တွင် Covid−19 သံသယလူနာနှင့် ဆေးရုံစောင့်ကြည့်လူနာမရှိပါကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)