ကလေးမြို့၌ ၂၀၂၀ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကလေး ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးဂင်ခန့်ပေါင်က၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ   အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၊ ရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် ပြည်သူလူထုတို့မှ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ စက်တင်ဘာလဆန်းပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များအား သင်တန်းပေးနိုင်ရေးကိုလည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ခေါင်းဆောင်၍ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပါဝင်သော မဲစာရင်း စိစစ်ရေးအဖွဲ့များက Door t0 Door စနစ်ဖြင့် အိမ်တိုင်ရာ ရောက်မဲစာရင်များ စိစစ်ကောက်ယူ ဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ ကြိုတင် ဆန္ဒမဲပေးခြင်း ကိစ္စရပ် များနှင့်ပတ်သက်၍လည်းကောင်း၊ ရွေးကောက်ပွဲကာလအတွင်း ကိုဗစ်-၁၉ ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်နိုင်ရေးတို့ကို လည်းကောင်း ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး မြို့နယ်ရွေးကောက် အရာရှိ ဒေါ်အိဖြူဝင်းက ပထမ အကြိမ် မဲစာရင်းကြေညာမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမဖြစ်ပေါ်စေရန်နှင့် ပြည့်စုံ မှန်ကန်သည့် မဲစာရင်းရရှိစေရေးတို့ကိုလည်းကောင်း၊  မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးမောင်မောင်စိုးက နိုင်ငံသားစိစစ်ရေး ကတ်ပြားမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် ရပ်/ကျေး ကော်မရှင် အတွင်းရေးမှူးတို့က သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေး ခဲ့ကြသည်။

ကလေးမြို့နယ်တွင် ပထမအကြိမ် မဲစာရင်းအရ(၂၇၉၅၁၇)ဦးရှိပြီး အဆိုပါ မဲစာရင်းများအနက် ပယ်ဖျက်ရမည့် စာရင်း များနှင့် ပြန်လည်ဖြည့်စွက်ရမည့် စာရင်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထိုက်အောင်(ပြန်/ဆက်)