တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ခါမ်းပါတ် ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် သွေးလွန်တုပ်ကွေးလူနာ တွေ့ရှိသည့် အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း  ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"ကျွန်တော်တို့ ခါမ်းပါတ်အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက်မှာ သွေးလွန်တုပ်ကွေး လူနာ နှစ်ယောက် တွေ့လို့  ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တမူးခရိုင် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေး အဖွဲ့ကနေပြီးတော့  ခြင်ဆေးဖြန်းတာတွေဆောင်ရွက်နေပါတယ်"ဟု ကျန်းမာ ရေးကြီးကြပ်(၁) ဦးကျင်ဒိတ်တွောင် ကပြောပါသည်။

အဆိုပါ သွေးလွန်တုပ်ကွေး လူနာနှစ်ယောက်စလုံး ဩဂုတ်လ(၂၂)ရက်နေ့တွင် ကလေးမြို့ ပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ပြီး ကျန်းမာရေး ကောင်းမွန်လာပြီဖြစ်သည့်အတွက် ယမန်နေ့က ဆေးရုံမှ ဆင်း ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ခါမ်းပါတ်မြို့တွင် ၂၀၁၈ ခုနှစ်တွင် သွေးလွန် တုပ်ကွေးလူနာ (၃) ယောက် တွေ့ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားသူ မရှိကြောင်းနှင့် လက်ရှိ ၂၀၂၀ ပြည့်နှစ်တွင်မူ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ပိုးတွေ့ (၄) ဦး ရှိပြီဖြစ် ကြောင်းလည်း သိရသည်။

သားငယ်(ပြန်/ဆက်)