ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၈

ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ် တွင် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထုများ ပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်နယ်လုံခြုံအေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်ကလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နေရပ်ပြန် ပြည်သူများအမြန်ဆုံး လက်ခံနိုင်ရေး ဆက်လက် ဆောင်ရွက်ရန်နှင့်  ပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာပါက နေထိုင်စားသောက်ရေး အဆင်ပြေစေရန်နှင့် ကိုဗစ်-၁၉ရောဂါ  ပြန့်ပွားမှုမရှိစေရန် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်အလိုက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာအသီးသီးက ကဏ္ဍအသီးသီးတွင် တက်ညီလက်ညီဖြင့် ပြည်နယ်အကျိုးအတွက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ က  မိမိဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအား တင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များကို မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)