လေးမျက်နှာ ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးများအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papilloma Virus (HPV) ဆေးထိုးနှံပေးမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ၂၀၁၀ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားသည့် အသက် ၉ နှစ်မှ ၁၀ နှစ်အထိ အမျိုးသမီးငယ်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ မှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုး စီအစဉ်တွင် (၁၃)မျိုးမြောက် ကာကွယ်ဆေးအဖြစ် စတင်ထည့်သွင်း ထိုးနှံပေးမည်ဖြစ်သည်။
လေးမျက်နှာမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ်စုစုပါင်း (၁၁၀၆)ဦးရှိပြီး စက်တင်ဘာလ ၂၀ ရက်နေတွင် စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဝေဝေ(လေးမျက်နှာ)