လွိုင်ကော် ဖေဖော်ဝါရီ ၃
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားသောက် ကုန်ဖြစ်သော ဆန်နှင့် ဆီပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် လွိုင်ကော်မြို့ သီရိမင်္ဂလာစျေး (တောင်စျေး)တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးမိုးဝင်းထက်၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်လဝက၊ မြို့နယ်ယာယီ ရဲတပ်ဖွဲ့မှူးတို့မှ ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၅၀)ကျပ်သား တစ်ဗူးနှင့် ပြည်သူ(၁၆၀၀)ဦးအား လှူဒါန်းပေးအပ်ခဲ့သည်။
ဆက်လက်၍ နေ့လယ်(၁၂)နာရီခွဲတွင် မြို့လည်ဗဟိုစျေးရှေ့၌ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ခရိုင်စီမံကိန်း၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ပြည်သူ တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၅၀)ကျပ်သား တစ်ဗူးနှင့်ပြည်သူ(၁၆၀၀)ဦးအား လည်းကောင်း၊ မွန်းလွဲ (၁)နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လှူဒါန်းသော ဆန်များအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်ဇော်နှင့် ဌာနဆိုင်ရာများမှ ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်ဖြင့် လူ(၁၇၀)ဦးကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မွန်းလွဲ(၃)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ ခရိုင်လဝကဦးစီးမှူး၊ ခရိုင်ကျေးလက်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးမိုးဝင်းထက်၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်လဝက၊ မြို့နယ်ယာယီ ရဲတပ်ဖွဲ့မှူးတို့မှ ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၅၀)ကျပ်သား တစ်ဗူးနှင့် ပြည်သူ(၁၆၀၀)ဦးအား လှူဒါန်းပေးအပ်ခဲ့သည်။
ယနေ့လှူဒါန်းပေးအပ်မှုအနေဖြင့် လွိုင်ကော်မြို့မှ ပြည်သူ(၄၉၇၀)ဦးအား လှူဒါန်းပေး သွားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)