စစ်ကိုင်း ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိတောင်သူများအား Capacity Building Training for Compact Farmers တောင်သူစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်က သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ကာ မြို့နယ်ဦးစီးမှူးဦးစိုးမြတ်က သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုးတာဝန်ခံများမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP)စနစ်နှင့် စိုက်ပျိုးခြင်း၊ သဘာဝပိုးသတ်ဆေးမြေဩဇာများ ပြုလုပ်သုံးစွဲခြင်း၊ တောင်သူ များ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရန် Call Centre ခေါ်၍ မေးမြန်းနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုအပေါ် ရေစုဆောင်း၍ သီးနှံစိုက်ပျိုးခြင်း Water Saving ၊ မျိုးသန့်ထုတ်လုပ်ခြင်း၊ အက်(စ်)အာအိုင် စိုက်ပျိုးခြင်း၊ Integrated Pest Management ဖြင့် ပိုးမွှားရောဂါ ကာကွယ်ခြင်းတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ပရိုဂျက်တာဖြင့် ရှင်းပြသင်ကြား ပေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်များမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)