ဖားဆောင်း သြဂုတ် ၂၆
ဖားဆောင်းမြို့တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ရေနှစ်မြှုပ်ခဲ့သည့် ရေဘေးသင့်အိမ်ထောင်စုဝင် များအတွက် ကယားပြည်နယ် ပရဟိတအသင်း(၁၉)ဖွဲ့မှ ပူးပေါင်း၍ ယမန်နေ့နေ့လည် (၁၂)နာရီတွင် ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် လှူဒါန်းမှု လက်ခံရန် နေရာအဖြစ် ဖွင့်လှစ်ထားရှိသည့် နန်းဟူးကုန်းကျေးရွာ (မူလွန်)ကျောင်းတွင် အခြေစိုက်ထားရှိသည့် နေရာသို့ ထောက်ပံ့ ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်း ကူညီခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို ကယားပြည်နယ် ပရဟိတအသင်း (၁၉)သင်းမှ သုခုမသဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ရွှေဘောလခဲအသင်းဥက္ကဋ္ဌ ဦးသန်းထွန်း၊ ထာဝရတွဲလက်များ အသင်းဥက္ကဋ္ဌ ဦးဇော်ဇော်၊ ရွှေလွိုင်ကော် အသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေဘေးသင့်အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့် ဝမ်အောင်းကျေးရွာအုပ်စု၊ ဖားဆောင်းကျေးရွာအုပ်စု၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့သည်။
ကယားပြည်နယ် ပရဟိတအသင်း (၁၉)သင်းမှ ထောက်ပံ့ပေးအပ်သော ပစ္စည်းများမှာ ဆန်(၁၄၁) အိတ်၊ ဆီ(၁၆)ပုံး၊ အိုင်အိုဒင်းဆား (၁၆)အိတ်၊ ကြက်သွန်နီ(၁၅)အိတ်၊ ကြက်သွန်ဖြူ(၄)အိတ်၊ အာလူး (၃)အိတ်၊ အမယ်စုံ(၂၀)အိတ်၊ ဆပ်ပြာမုန့်((၄)အိတ်၊ မီးသွေးမီးဖို(၅၀)လုံး၊ ခေါက်ဆွဲခြောက်(၁၂)ဖာ၊ ငါးသေတ္တာ(၃)ဖာ၊ အချိုရည်(၄)ဖာ၊ သောက်ရေသန့်(၁၈)ကဒ်၊ ကြက်ဥ(၁၅၀၀)လုံး၊ ဆပ်ပြာတုံး(၆၀)တုံး၊ ငွေသား(၁၀၀၀၀၀-/)ကျပ် (တစ်သိန်း)ကျပ် စသည်တို့အပြင် ထမင်းထုပ်များကိုလည်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)