ပေါက်ခေါင်းမြို့နယ် စီမံကိန်းကျေးရွာ (၄) ရွာတွင် မြေသားလမ်းပြုပြင်ခြင်းနှင့်‌ ကျောက်ချော မြေနီခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ပေါက်ခေါင်း ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ဖြင့် ကျေးလက်လမ်းများ အဆင့်မြှင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကျေးရွာ(၄)၌ ဆောင်ရွက် သော ကျေးရွာတွင်း မြေသားလမ်းများ ပြုပြင်ခြင်းနှင့် ကျောက်ချောမြေနီလမ်းခင်းခြင်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ‌ဆောင်ရွက်ပြီးစီးမှုများအား ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံ (VDP) ငွေကျပ် (၁၀၀) သိန်းဖြင့် ဆောင်ရွက်သည့် ပေါက်ခေါင်း မြို့နယ် ပေါက်တုံးအိုင်ကျေးရွာရှိ အရှည်(၁၆၈၀)ပေ၊ အကျယ် (၁၀)ပေ၊ ထု(၉)လက်မ ရှိရွာတွင်းလမ်း၊ ဒန်းဒေါင့်ကျေးရွာရှိ အရှည်(၂၉၀၀)ပေ၊ အကျယ်(၁၀) ပေ၊ ထု(၉)လက်မရှိ ရွာတွင်းလမ်း၊ ကမ်းနီ‌ကျေးရွာရှိ အရှည်(၃၀၀၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၉)လက်မနှင့် နီးပါးဆေးကျေးရွာရှိ အရှည်(၂၆၄၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၉)လက်မရှိ မြေသားလမ်းပြုပြင်ခြင်းနှင့် ကျောက်ချောမြေနီလမ်းခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ဒုတိယ ပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ‌ကျေးရွာတွင်း လမ်းများသည်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၀၀)နှင့် နည်းပညာများ ပံ့ပိုးကူညီအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍတို့အတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်