မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မယ်စဲ့   ဇန်နဝါရီ  ၁၇

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်းလာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံ ဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်း တစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ  ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီ က မြောက်ပိုင်း ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)နှင့် ပတ်သက်၍ အလွန်စိုးရိမ် ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေး မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူဖြင်း အပါအဝင်ရိုးရှင်းသည့် အခြေခံ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ကိုယ်စီဆက်လက်လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်