ပန်းတနော် ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များအား ယနေ့နံနက် ၉ နာရီက ခရေကန်ကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ပန်းတနော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနရုံးက မြို့နယ်ဦးစီးမှူး ဦးတင်ဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်အသစ်များ ကွင်းဆင်းဆောင်ရွက်ပေးရာ ခရေကန်ကျေးရွာအုပ်စုရှိ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူ ကျား(၂၁၄) ဦး၊ မ(၁၅၅) ဦး စုစုပေါင်း(၃၆၉) ဦးအား အထောက်အထားများ စိစစ်၍ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ကျေးရွာအုပ်စု(၅၂)အုပ်စုနှင့် ရပ်ကွက် (၄)ခုရှိသည့်အနက် ကျေးရွာအုပ်စု (၂၆)အုပ်စုရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ်ထုတ်ပေး ထားပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးချမ်းအောင်(ပြန်/ဆက်)