ငရုတ်ကောင်းမြို့တွင် ကမ်းလွန်လုပ်ကွက် A-6 ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲဆောင်ရွက်

ငရုတ်ကောင်း   သြဂုတ်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကမ်းလွန်လုပ်ကွက် A-6 ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းနှင့်ပတ်သတ်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင်ကမ်းလွန်လုပ်ကွက် A-6 သဘာဝဓာတ်ငွေ့စီမံကိန်းအား လုပ်ဆောင်မည့်(TOTAL)ကု မ္ပဏီ၏ EIA ဆန်းစစ်ချက် အကြီးတန်းအကြံပေးအရာရှိ ဦးနေဆန်းလင်းက ရေနက်လုပ်ကွက်A-6 အတွက်ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေနက်ကမ်းလွန် လုပ်ကွက် A-6 သည် ငွေဆောင်မြို့နှင့် ငရုတ်ကောင်း အဆိုပြု ထိန်းသိမ်းနယ်မြေတို့မှ မိုင်၂၀ (၃၃ ကီလိုမီတာ)ခန့် အကွာတွင်တည်ရှိပြီး ကမ်းရိုးတန်းမှ ၁၈မိုင်(၂၉ကီလိုမီတာ) ခန့်အကွာ (ပင်လယ် ရေနက် ၁၀၀ မီတာ) (၃၂၈ပေ)ခန့်ရှိ ပလက်ဖောင်းတစ်ခုနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ရတနာ Riser Platform သို့ ပိုက်လိုင်းဖြင့် ပေးပို့ကာ ပြည်တွင်းသုံးနှင့်ပြည်ပသုံး ဖြန့်ဝေ သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် တွင်းတူးနှင့်ထုတ်လုပ်ရေးပညာရှင် ဦးတင်ဌေးကျော် က ဓာတ်ငွေ့လိုင်းနှင့် ဆက်သွယ်ရေးလိုင်းများ၊ ရေအောက်ဓာတ်ငွေ့လိုင်းစုစည်းပုံ၊ ရေအောက်အဝေး ထိန်းစက်နှင့် ဆောင်ရွက်ပုံ၊ ဓာတ်ငွေ့ထုတ်လုပ်ရေး စင်တည်ဆောက်ခြင်း၊ ရေအောက်ပိုက်လိုင်း ရှည်များ သွယ်တန်းခြင်းလုပ်ငန်းများ၊ EIA အား ERM and EQM တို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများနှင့် လျှော့ချကုစားနိုင်သည့် နည်းလမ်းများ ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့သည်ဟု သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)