လေးမျက်နှာမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လေးမျက်နှာ  ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို  နေ့စဉ်အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လေးမျက်နှာမြို့ ဗိုလ်ချုပ်လမ်းဆုံ စစ်ဆေးရေးဂိတ်၌ အဆိုပါ လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၏ ကြီးကြပ်မှုဖြင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် မြို့တွင်းလမ်းဆုံ၌ နှာခေါင်းစည်းတပ်ဆင်မှုမရှိဘဲ သွားလာနေ သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ အပြင်သို့သွားလာပါက နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာရန် အသိပညာပေးခြင်း၊ နယ်ကျော်ကားများ ဝင်ထွက် သွားလာပါက သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်း၊ ကိုအပူချိန်တိုင်းတာခြင်း၊ နေရပ်လိပ်စာများ မှတ်တမ်း ရေးသွင်းကောက်ယူခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုး(ပြန်/ဆက်)