ကျုံပျော် သြဂုတ် ၂၅
စက်မှုလယ်ယာဦးစီးဌာန အနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တောင်သူများ လက်ဝယ်အသုံးပြုနေသော လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ မောင်းနှင်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်နှင့် ကျုံပျော်မြို့တို့တွင် လယ်ယာသုံးစက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းကို သြဂုတ်လ ဒုတိယပတ်မှ စတုတ္ထပတ်အထိ (၁၂) ရက် ကြာအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် လက်ရှိတောင်သူများ အသုံးပြုနေသည့် ထွန်စက်နှင့် ရိတ်သိမ်းခြွေလှေ့စက်များအတွက် ထိန်းသိမ်း ကြံ့ခိုင်မှုနည်းပညာများ၊ နေ့စဉ် အပတ်စဉ် နာရီအလိုက် ထိန်းသိမ်းမှု လုပ်ငန်းစဉ်များကို ရေကြည်မြို့နယ် စက်မှုလယ်ယာဦးစီးအရာရှိ ဦးသန်းကိုနှင့် ကျုံပျော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်လတ်တို့က ဦးဆောင်ကာ သင်တန်းနည်းပြ (၅) ဦးတို့က သင်ကြားပို့ချခဲ့ကြသည်။ သင်တန်းသို့ ကျုံပျော်မြို့နယ်အတွင်းရှိ ထော်ဦး၊ သဲကုန်းနှင့် အနီးဝန်းကျင် ကျေးရွာတို့မှ သင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး၊ သင်တန်းဖွင့်လှစ်မှုကို အမှတ်(၁၇) စက်မှု လယ်ယာစခန်း ရေကြည်မြို့တွင် လက်တွေ့နှင့် ကျုံပျော်မြို့နယ် သဲကုန်းကျေးရွာအုပ်စုတို့တွင် စာတွေ့အဖြစ် သြဂုတ်(၁၂) ရက်မှ (၂၃) ရက်အထိ (၁၂) ရက်ကြာ သင်ကြားခဲ့ကြောင်း၊ ထိုသို့ သင်ကြားခြင်းဖြင့် တောင်သူများ၏ လုပ်သားရှားပါမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ ကုန်ကျစရိတ်သက်သာပြီး ထွက်နှုန်းကောင်မွန်ခြင်း၊ ရာသီပြောင်းလဲမှုအရ အချိန်တိုအတွင်း လုပ်ငန်းလျင်မြန်စွာ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးစေရန်အတွက်လည်း စိုက်ပျိုးချိန်များ တွင် တောင်သူများ၏ လိုအပ်ချက်အရ ဌာနသတ်မှတ်ဈေးနှုန်းဖြင့် လယ်ယာများ လိုက်လံ ထွန်ယက်ပေးခြင်း၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပေးလျက် ရှိကြောင်း၊ လက်ရှိ ရေကြည်နှင့် ကျုံပျော် စက်မှုလယ်ယာစခန်းတို့တွင် ထွန်စက်ကြီး (၁၇) စီး၊ ရိတ်သိမ်းခြွေလှေ့စက် (၅)စီးတို့ဖြင့် တောင်သူဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)