ကျုံပျော် သြဂုတ် ၂၅
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး တိုက်နယ်အလိုက် စစ်ဆေးခြင်းများကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့မဲစာရင်းများ စစ်ဆေးရန် ကျုံပျော်မြို့နယ်တွင် မြို့မ၊ အထောင်၊ ဒိုက်ပျက်၊ အင်းရဲ၊ ရေစခန်း စသည့်တိုက်နယ် (၅)ခုရှိပြီး ၊ တိုက်နယ် အလိုက်မဲစာရင်းများကို သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ (၃)ရက်အတွင်း အပြီးစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးရာတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်ကျော် နှင့် အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများမှ တင်သွင်းသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ (၄ -ဂ) များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၊နည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/ မရှိ၊ လက်သင့်ခံရန် သင့် မသင့် စိစစ်ခြင်း၊ မဲဆန္ဒရှင် စာရင်းများ ထည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်ခြင်း ဆောင်ရွက်ပြီးသည့်အခါ ယခင် မူလမဲစာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်၍ စာရင်းရေးသွင်းခြင်း၊ လက်မှတ်ရေးထိုးခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ ဥက္ကဋ္ဌ ထံသို့ ပြန်လည်အပ်နှံ တင် ပြခြင်းများ ဆောင်ရွက်ရကြောင်းသိရသည်။ ကျုံပျော်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၁) သိန်း(၈)သောင်း ဝန်းကျင်ရှိပြီး မဲရုံပေါင်း (၂၃၃) ရုံဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နေဝင်းမြင့်(ကျုံပျော်)