ဖာပွန် ဩဂုတ် ၂၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦးကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်းက လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးမှူးဦးဝင်းဇော်ဦးက လူမှုရေးပင်စင်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းမရှိပါက မိမိတို့ဌာနအနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဌာနစိတ်မှူး ဦးငြိမ်းချမ်းအေးက အမျိုးသားလူမှုရေးပင်စင်အစီအစဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ သိသင့်သောအချက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)