ရန်ကုန် သြဂုတ် ၂၅
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရန်၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်တွင် မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့က ရပ်ကွက်များသို့ ယနေ့နေလည်ပိုင်းက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား မဲပေးနိုင်ရန်၊ မဲဆန္ဒရှင်စာရင်းများ ပြုစုဆောင်ရွက်လျက် ရှိရာ၊ မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင်ကျန်ရှိမှု မရှိစေရေးအတွက်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ကြည် ဦးဆောင်သော မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်းရေးအဖွဲ့သည်၊ ရပ်ကွက်အလိုက် တစ်အိမ်တက်၊ ဆင်း ကွင်းဆင်း၍ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး၊ လိုအပ်သော ပြင်ဆင်ဖြည့်စွက်မှုများကိုလည်း သတ်မှတ်ထားသည့် ပုံစံများနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်ပေးခဲ့ကြသည်။
ဗဟန်းမြို့နယ်တွင် မဲရုံပေါင်း(၆၅)ရုံ ဖွင့်လှစ်ရန် လျာထားပြီး၊ ပါတီ(၁၀)ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၁)ဦး ဝင်ရောက် ယှဉ်ပြိုင်အရွေးခံရန် အမည်စာရင်း တင်သွင်းထားပြီး၊ အသက်(၁၈)ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၆၀၄၃၅)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)