မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် သိုး/ဆိတ် မွေးမြူရေးသင်တန်းဖွင့်လှစ်

ဂန့်ဂေါ သြဂုတ် ၂၅

ကိုဗစ်-၁၉၏စီးပွါးရေးအပေါ် ထိခိုက်မှုသက်သာရေးစီမံချက်(CERP)ဖြင့် ဂန့်ဂေါမြို့နယ် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနက သိုး/ဆိတ်မွေးမြူရေးသင်တန်းကို ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာ ဓမ္မာရုံတွင် သြဂုတ် ၂၄ ရက်မှစတင်ကာ ဖွင့်လှစ်ပို့ချဆွေးနွေး လျက်ရှိ သည်။

အဆိုပါ သင်တန်းတွင် ဂန့်ဂေါခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဌေးလွင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်း ၊ ဒုတိယ ဦးစီးမှူး ဒေါက်တာစမ်းယုမော် တို့က သိုး/ ဆိတ် တို့၏ သဘောသဘာဝ၊ ဖြစ်ပွါးတတ်သည့် ရောဂါများနှင့် ဆေးဝါးကုသခြင်းဆိုင်ရာများ ၊ သိုး/ ဆိတ်တို့၏ အဟာရဖြစ်စေမည့် အစား အစာများ ၊ အခြားသိမှတ်ဖွယ်ရာများ စသည်ဖြင့် ပို့ချဆွေးနွေးလျက်ရှိသည်။

သင်တန်းသို့ ကျေးရွာများမှ သင်တန်းသား ၆၀ ဦးတက်ရောက်၍ တက်ရောက်သည့် သင်တန်း သားများအနက် သင်တန်းသား ၂၀ ဦးစီ ကို အလှည့်ကျပို့ချဆွေးနွေးလျက်ရှိကာ သင်တန်း ကာလ မှာ သြဂုတ် ၂၉ ရက်ထိ ဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း