ပေါင်းတည် သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်း အသီးသီးအား မြို့နယ် အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယခင်ဆောင်ရွက်လျက်သည့် လုပ်ငန်းများ ထက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပြုလုပ်သည်။
အခမ်းအနားတွင် ပေါင်းတည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးနေလင်းနိုင်နှင့် ကိုဗစ်-၁၉ ကော်မတီဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့နယ်စည်ပင် သာယာရေး ကော်မတီဝင်များ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်း အရပ်ဘက်အဖွဲ့ အစည်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က ရောဂါကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာ ဆောင်ရွက်ရေး ရောဂါ ကာကွယ်ရေးအတွက် အဓိက လိုက်နာ ရမည့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များ အသိပညာပေးမှုအား တိတိကျကျ လိုက်နာနိုင်ရေးအတွက် အဓိကကျသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများထိ ဒေသခံပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပြန်ကြားပေးရေး မီဒီယာ လုပ်ငန်း များအား အလေးထားကာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရေး အလှူငွေရရှိရေး လိုအပ်ပါက မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၏ စီမံမှုဖြင့် ရောဂါစိစစ်ရေးဂိတ်များ အမြန်ဆုံး ဖွင့်လှစ်ရေး၊ စစ်ဆေးတွေ့တဲ့ သံသယရှိတွေကို သက်ဆိုင်ရာ Quarantine စင်တာသို့ ချက်ချင်းပို့ဆောင် ပေးရေး၊ လူ(၃၀)ဦးထက်မပိုသော အခမ်းအနားနှင့် ပွဲလမ်းသဘင်များ ကျင်းပမှုမရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်သူ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကလည်း သက်ဆိုင်ရာလူနာများနှင့် ထိတွေ့ ဆက်ဆံစစ်ဆေး ရာတွင်လည်း ဂရုတစ်စိုက်ဆောင်ရွက်ကြရေး ပြည်သူများအနေဖြင့် နေအိမ်မှအပြင်သို့ ထွက်တိုင်း Mask နှာခေါင်းစည်းအား မဖြစ်မနေအလေးထားတပ်ဆင်သွားလာကြရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်၍ လိုက်နာခြင်းမရှိသူများအား ပညာပေး အရေးယူ ဆောင်ရွက်မှုအနေဖြင့် ခုဝယ်ခုတပ် အစီစဉ်ဖြင့် နေ့စဉ် နေရာစုံလှည့်လည်ဆောင်ရွက်ပေးရေး လူစည်ကားသည့် နေရာများ ဖြစ်သည့် ကားဂိတ်ဘူတာရုံတို့တွင် ဧည့်သည်အဝင်အထွက်အား စောင့်ကြည့်အဖွဲ့များဖြင့် စိစစ်ပေးရေး မြို့နယ်အတွင်းရှိ ဘုရားပုထိုးစေတီများ ဌာနဆိုင်ရာရုံးများ ပြည်သူ့ဆေးရုံ၊ ဆေးခန်း ကျေးလက် ကျန်းမာရေးဌာနခွဲများ လက်ရှိဖွင့်လှစ် သင်ကြား နေသည့် ကျောင်းများ၊ ပန်းခြံ၊ မြို့မစျေးကြီးနှင့် ရွှေတည်စျေးသစ်တို့တွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် လိုက်နာဆောင်ရွက် စေရေးအတွက် လက်အိတ်နှင့် Mask တပ်ဆင်၍ ရောင်းချဝယ်ယူကြရေး အသိပေးနှိုးဆော်၍ အဖွဲ့များဖြင့် ကြပ်မတ် စိစစ်ပေးရေး အထက်ပါလုပ်ငန်းအသီးသီးတွင် တက်ရောက်လာသူ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်း အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၏ စုပေါင်း ဆောင်ရွက်ကူညီမှုများကို ရယူကာ တစ်နိုင်ငံလုံး၏ အရေးဖြစ်တာနှင့်အညီ ကိုဗစ်-၁၉ ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးနှင့် ပေါင်းတည် မြို့နယ် အနေဖြင့် ရောဂါကူးစက်မှုကင်းရှင်းပြီး အောင်မြင်စွာ ကျော်ဖြတ်နိင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရေး အကျယ် တစ်ဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူ မေးမြန်းအကြံပြုချက်များနှင့် ဆွေးနွေးချက်များကို မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရ သည်။
တင်ဝင်းဇော်(မင်းသားကြီး)