နတ်မောက် ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးမှ နတ်မောက်မြို့နယ် ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းက ၂၀၂၀ ပြည့်နှစ် တွင်ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေး ပိုင်ခွင့် ရှိသူများ မဲပေးခွင့် မဆုံးရှုံး စေရန် အတွက် မဲဆန္ဒရှင် စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရန်၊ မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး မှတ်ပုံတင် နံပါတ် ဖြည့်သွင်းရန် ကျန်ရှိသူများ အား မှန်ကန်မြန်ဆန်စွာပြန်လည်ဖြည့်သွင်းနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရန် တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းမော်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့်အတွင်းရေးမှူး ဒေါ်ဟေမာလှိုင် တို့က လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများကိုရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကလည်းပူးပေါင်းဆောင်ရွက်နေမှု အခြေအ နေများကို ပြန်လည်တင်ပြခဲ့ကြောင်းသိရသည်။
ဝင်းမေထွန်း