ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကျင်းပ

မော်လမြိုင် ဩဂုတ် ၂၅

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို သြဂုတ်လ(၂၅)ရက်နေ့၊ နံနက်(၁၀)နာရီက မော်လမြိုင် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ကြယ်ပွင့်ပြ မေးခွန်း(၅)ခု မေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ (၆)လပတ် အစီရင်ခံစာကို အမည်စာရင်းတင်သွင်းထားသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးအောင်နိုင်ဦး တို့က ထောက်ခံဆွေးနွေးခြင်း အပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် ကပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်တွင်မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာကို ၎င်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူ က ဆွေးနွေး တင်ပြခြင်း၊ မွန်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ၎င်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဇော်ထူးက ဆွေးနွေးတင်ပြခြင်းတို့ကို မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ က အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာသည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော်(၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုရပ်နားခဲ့ပြီး သြဂုတ်လ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီတွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)