ကြံခင်း ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အရေးပေါ် လုပ်ငန်း စီစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က ကြံခင်းမြို့ ဧရာဦးခန်းမတွင် အစီအစဉ်နှစ်ရပ်ခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးက သဘာဝဘေးလျော့ပါးရေးဆိုင်ရာကိစ္စရပ်များ၊ ယခုနှစ်မိုးရာသီကာလ တွင် ရေဘေးအန္တရာယ် ကာကွယ်စီစဉ်ဆောင်ရွက်ထားမှုများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်နှင်းအိအိသူက လတ်တလော ဖြစ်ပေါ်နေ သော ကိုဗစ်-၁၉ ရောဂါ ဒုတိလှိုင်းနှင့် ပတ်သက်သည့်အချက်များ၊ ရောဂါကာကွယ်ပုံ နည်းလမ်းများ၊ ကူးစက်တတ်ပုံများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လူမှုဖွံ့ဖြိုးတိုးတတ်ရေး (CDA) မှ စီမံကိန်းပရောဂျက်မန်နေဂျာ ဦးအောင်လှိုင်ဦးက သဘာဝဘေးအန္တရာယ်လျော့ပါးရေး၊ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဘေးလွတ်ရာ စခန်းများသို့ စနစ်တစ်ကျပြောင်းရွှေ့တတ်စေရန်၊ သဘာဝဘေးကြောင့် လူ့အသက်များ ဆုံးရှုံးမှုနည်းစေရန်၊ ထိခိုက်ဒဏ်ရာရမှုများ နည်းပါးစေရန်၊ အရေးပေါ်ဖြစ်လျှင် လတ်တလော ဆေးကုသပေးပုံများအား လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရှေးဦးသူနာ ပြုစုရေး ဆေးသေတ္တာများအား ကျေးရွာ(၃)ခုသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အစီအစဉ်ဒုတိယပိုင်းတွင် လူမှုဖွံ့ဖြိုးတိုးတတ်ရေး (CDA)မှ စီမံကိန်းပရော့ဂျက် မန်နေဂျာ ဦးအောင်လှိုင်ဦးက သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အရေးပေါ်လုပ်ငန်း စီစဉ်ရေးဆွဲခြင်း၊ ရေဘေးစခန်းဖွင့်လှစ်သော ဘုန်းတော်ကြီးကျောင်းများတွင် ကြိုတင် အသိပေးခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းများအပေါ် မြို့နယ်အဆင့် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အရေးပေါ်လုပ်ငန်း အစီအစဉ်ရေးဆွဲခြင်း များအား ဆွေးနွေးပြောကြားရာ မြို့နယ်အဆင့် ဌာနဆိုင်ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာပြည်သူ များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တတ်ရောက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။
မိုးမိုး(ပြန်/ဆက်)