လေးမျက်နှာ သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းချို့တဲ့ မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှု အဖြစ် အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ပူးပေါင်း၍ လေးမျက်နှာမြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချသော အိမ်သုံးဆားများ၌ အိုင်အိုဒင်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး၊ အရည်အသွေး ပြည့်မီသော ဆားများကိုသာ ရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလျင့်ဆုံးရှုံးမှုမရှိရေးလုံခြုံစွာ ဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေးဆောင်ရွက်ခဲ့သည်။
အဆိုပါ အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရာတွင် မရှိမဖြစ်သည့် အဏုအာဟာရ ဓာတ်တစ်ခု ဖြစ်ကြောင်း၊ အိုင်အိုဒင်းဓါတ် ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည် နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေး လည်ပင်းကြီး ရောဂါခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းစသည့် ရောဂါများ ခံစားရနိုင်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)