ဒီပဲယင်းမြို့တွင် ကင်းတပ်ရေလွှဲဆည်မှ ဆည်ရေပေးဝေနိုင်ရေး ဆောင်ရွက်နေ

ဒီပဲယင်း ဩဂုတ် ၂၅

ဒီပဲယင်းမြို့တွင် ကင်းတပ်ရေလွှဲဆည်မှ မိုးစပါးလျာထား ဧကလေးသိန်းနှစ်သောင်းကို စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သဖန်းဆိပ်ဆည် ရေသောက်စနစ်တွင် ပါဝင်သော ကင်းတပ်ရေလွှဲတမံကင်း တပ်လက်ယာ တူးမြောင်း လက်ဝဲ တူးမြောင်းအပါအဝင် ကာဘိုးဆည်အတွက် စိုက်ပျိုးရေများကို ကင်းတပ်ရေလွှဲတမံမှ ထိန်းညှိ၍ ရေများပေးဝေလျက်ရှိရာ ယမန်နှစ်က သဖန်းဆိပ်ဆည်တွင် ရေလက်ကျန်ပမာဏ နည်းပါးခဲ့သဖြင့် နွေစပါးစိုက်ပျိုးရေပေးဝေနိုင်ခဲ့မှု မရှိခြင်း၊ ဆည်အတွင်း သိုလှောင်ရေ လက်ကျန်ပမာဏအရ စစ်နစ်တကျ မျှတစွာ သုံးစွဲနိုင်ရေးအတွက် ရေလှည့်စနစ်ဖြင့် ပေးဝေခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခြင်းတို့ကြောင့် မိုးစပါးရာသီတွင် သဖန်းဆိပ်ဆည်ရေသိုလှောင်လက်ကျန် ပမာဏအရ မိုးစပါးလျာထား ဧကလေးသိန်းနှစ်သောင်း စိုက်ပျိုးရေပေးဝေရန် လျာထား ဆောင်ရွက်လျက်ရှိသည်။

ယခင်နှစ်က သဖန်းဆိပ်ဆည်တွင် ရေလက်ကျန်ပမာဏ နည်ပါးခဲ့သဖြင့် နွေစပါး စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့မှု မရှိခြင်း တို့ကြောင့် မိုးစပါးလျာထားဧကများ ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မြောင်းအဖျားပိုင်းသို့ စိုက်ပျိုးရေ ရောက်ရှိရေး တို့အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒုတိယညွှန်ကြားရေးမှူးများနှင့် ကွင်းဝန်ထမ်းများက စိုက်ပျိုးရေများကို ကြပ်မတ်၍ ပေးဝေလျက်ရှိသည်။

မူးမြစ်အနောက်ဖက်ခြမ်းရှိ ကာဘိုးဆည် ရေဦးတူးမြောင်းနှင့် ကင်းတပ်လက်ယာတူးမြောင်း ဆည်ရေသောက်ဧရိယာရှိ ရွှေဘိုခရိုင် ရေဦးမြို့နယ် ဒီပဲယင်းမြို့နယ် တန့်ဆည်မြို့နယ်များ၏ မိုးစပါးလျာထားဧကပြည့်မှီအောင် စိုက်ပျိုးနိုင်ရေး အတွက် မျှတစွာ ခွဲဝေသုံးစွဲကြစေရန် ရေလေလွင့်မှု နည်းပါးစေရန် ရေအသုံးချ သူများအဖွဲ့ (WUG) များဖြင့် ပူးပေါင်း၍ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်း ရေလှည့်ရက်များတွင် အလှည့်ဖြင့် ရယူသုံးစွဲခြင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းထွန်း(ဒီပဲယင်း)