ကန့်ဘလူ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာအဆင့်ကော်မတီဝင်များ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်

ကန့်ဘလူ ဩဂုတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာအဆင့်ကော်မတီဝင်များ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (ဒုတိယအကြိမ်) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပကြောင်း သိရသည်။ 

အခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦးက သင်တန်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ပြောကြားရာတွင် သင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးရွာကော်မတီဝင် များအနေဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ပတ်သက်သည့် ရန်ပုံငွေ ထိန်းသိမ်းရာတွင် လွယ်ကူစွာ ဆောင်ရွက် နိုင်ခြင်း၊ ငွေစာရင်းပုံစံစာရင်းဇယားများအား ကျွမ်းကျင်စွာ ဖြည့်သွင်းလာနိုင်ခြင်း၊ လုပ်ငန်းအတွေ့အကြုံ နှီးနှော ဖလှယ်နိုင်ခြင်း၊ ဌာနဆိုင်ရာများနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်မှု အားကောင်းလာခြင်း၊ အတိုးရငွေဖြင့် ဆောင်ရွက်မယ့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်ရာတွင် မိမိကျေးရွာအတွက် အမှန်တကယ် အကျိုးရှိမယ့် လုပ်ငန်းများ ရွေးချယ်လာနိုင် ခြင်းနှင့် အခက်အခဲရှိပါက ဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရန် တို့ကို မှာကြားခဲ့သည်။

ထို့နောက် သင်တန်းသား သင်တန်းသူတို့က တစ်ဦးချင်းမိတ်ဆက်ကြပြီး သင်တန်းကို ဆက်လက်သင်ကြား ပို့ချခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်တို့မှ မြစိမ်းရောင် ကျေးရွာ စီမံကိန်းကော်မတီဝင် ၃၀ ဦးတက်ရောက်ခဲ့သည်။ သင်တန်းကာလ ဩဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက် ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ မြို့နယ်နှစ်မြို့နယ်တွင် ၄၃ ယူနစ် (၅၂) ရွာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)