ပင်လည်ဘူး ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေးအတွက် ဆိုင်ကယ်စီးနင်းကြသူများအား ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ဆောင်ရွက်ခြင်းကို ဩဂုတ် ၂၂ ရက်န့က စပြီးပင်လည်ဘူး- ကောလင်း- ဖောင်းပြင်သွား ကားလမ်းဆုံတွင် ပြုလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်မှုအားမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုတိယ ရဲမှူးမျိုးတင့်၊ ရဲအုပ် လွမ်းဝေအောင်တို့ ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ စီးနင်းသွားလာနေကြသူများ၊ ယာဉ် စည်းကမ်း၊ လမ်စည်းကမ်း မလိုက်နာသူများအား ယာဉ်အန္တ ရာယ်ကင်းရှင်းရေး အသိပညာပေး ပြောကြား ဆောင်ရွက်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပြီး အသိပညာပေးအနေဖြင့် ဆိုင်ကယ်ကို အိပ်ဇော်သံထိန်းကိရိယာမပါတဲ့ ဆူညံသံ အိပ်ဇော်များ တပ်ဆင် မောင်းနှင်ခြင်း မပြုကြရန်၊ ဆိုင်ကယ်စီး ဦးထုပ်ဆောင်ရန်၊ မေးသိုင်း ကြိုးတပ်မောင်းနှင်ကြရန်၊ ဘက်မှန်နှင့် နံပါတ်ပြား များတပ်ဆင်ရန်၊ ဆိုင်ကယ်စီးနင်းပါက လူ ၂ ဦးထက်ပိုပြီး စီးနင်းမောင်းနှင်ခြင်းမပြုကြရန်၊ သတ်မှတ် အရှိန်နှုန်း ထက်ပိုပြီး မောင်းနှင်ခြင်း မပြုကြရန် စသည့် အသိ ပညာပေး ဟောပြော ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး ပညာပေး အနေဖြင့် ဆောင်ရွက်ပြီးပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများကို ဖမ်းဆီးအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲမှူး မျိုးတင့်ထံမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)