အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေး ဩဂုတ် ၂၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၅လမ်းနှင့်၁၆လမ်းကြား၊ ၈၆လမ်းရှိ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ရှေးဦးစွာ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ များကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များအား ‌ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ပါ ပြဌာန်းချက်များနှင့်အညီ ဖွင့်လှစ်ပို့ချနိုင်ရန်အတွက် အစည်းအဝေး ခေါ်ယူခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ တက်ရောက်လာသူများက သင်တန်းတွင်ပို့ချမည့်ဘာသာရပ်များ၊ သင်တန်း ပို့ချမည့်သူများ၊ သင်တန်းဖွင့်လှစ်မည့်နေရာ၊ နေ့ရက်နှင့် အချိန်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အမှတ်(၈) နှင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းများတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ၂ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းကို လျာထားသတ်မှတ်ကြသည်။

အဆိုပါ အစည်းအဝေးသို့  အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

ဇော်လင်းဦး (အောင်စံ)