ပိုင်ကျုံမြို့တွင် တောင်သူများအတွက် ပထမအကြိမ်ထောက်ပံ့ငွေများနှင့် လင်းနို့ဂူဩဂဲနစ် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ပွဲပြုလုပ်

ပိုင်ကျုံ ဩဂုတ် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းတွင် ဒေသနေပြည်သူများ စိုက်ပျိုးရေးအကြောင်း သိကောင်းစရာများနှင့် စပါးအထွက်နှုန်းတိုးတက်စေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများ စိုက်ပျိုးရေးထိခိုက်မှုမရှိစေရေးအတွက် ပထမအကြိမ် ထောက်ပံ့ငွေများနှင့် လင်းနို့ဂူဩဂဲနစ်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦး‌အောင်မွန်က တောင်သူများအတွက် နိုင်ငံတော်မှ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ထောက်ပံ့ငွေ(၂)ကြိမ် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယခုပထမအကြိမ်တွင် ထုတ်လုပ်စိုက်ပျိုးသည့်လယ်တစ်ဧကကို (၈၃၅၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးထားသော မျိုးစေ့ထုတ်စပါးစိုက်ခင်းများတွင် ရာသီအလိုက်ပေါင်းရှင်းခြင်း၊ ဓါတ်မြေဩဇာထည့်ကျွေးခြင်းများ ပြုလုပ်မှုမရှိဘဲ အပင်များဖြစ်ထွန်းမှုမရှိပါက ဒုတိယအကြိမ် ထောက်ပံ့ငွေများ ထုတ်ပေးမည်မဟုတ်ကြောင်း မျိုးစေ့ထုတ်လုပ်ငန်းအဆင့်ဆင့်ကိုလည်း ရရှိသော ထောက်ပံ့ငွေများအား လယ်ယာလုပ်ငန်းတွင်အကျိုးရှိရှိအသုံးချစေရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မျိုးစေ့ထုတ်တောင်သူ(၁၂)ဦး၏ လယ်မြေ (၃၅) ဧကအတွက် တစ်ဧကလျှင် (၈၃၅၀၀) ကျပ်နှုန်းဖြင့် နိုင်ငံတော်အစိုးရမှထောက်ပံ့ငွေ (၂၉၂၂၅၀၀) ကျပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးသော လင်းနို့ဂူဩဂဲနစ်သဘာ၀မြေဩဇာ (၁၀၀) အိတ်ကို တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)