ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဘဏ်များတွင် လူစုလူဝေးမဖြစ်စေရေးနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေးပညာပေး

ကျောက်ပန်းတောင်း ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် ပုဂ္ဂလိကဘဏ်များတွင် လူစုလူဝေးမဖြစ်စေရေးနှင့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ ယမန်နေ့နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး၊ ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာသက်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလှိုင်၊ မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်တို့သည်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် မြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် လက်ဆေးဘေစင်များ စနစ်တကျ ထားရှိရေး၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရေးနှင့်သံသယဖြစ်ဖွယ်တွေ့ရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားနိုင်ရေး၊ ငွေကိုင်ဝန်ထမ်းများအနေဖြင့် ခေါင်းစွပ်များနှင့် လက်အိပ်များကို မဖြစ်မနေသုံးစွဲကြရန်နှင့် Hand Gel ဖြင့် လက်ကိုမကြာကြာဆေးရန် ပညာပေးခြင်းများဆောင်ရွက်ခဲ့ကြပြီး၊ နောက်တစ်ကြိမ် ရှောင်တခင်ဝင်ရောက် စစ်ဆေးချိန်တွင် ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်းနှင့်လိုက်နာမှုအားနည်းခြင်းများတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသိပေးပြောကြားခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲအပါအဝင်ပထမပုဂ္ဂလိကဘဏ်၊ အမရာဘဏ်၊ AGD ဘဏ်၊ အသေးစားစက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ်၊ ကဗ္ဘောဇဘဏ် အစရှိသည့် ဘဏ်(၉)ဘဏ်ကို ဝင်ရောက်စစ်ဆေး/ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ကျန်ဘဏ်များကိုလည်း ဆက်လက်စစ်ဆေးပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)