ဟိုပင် သြဂုတ် ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဝင်များက စာရေးဆရာချစ်ဦးညို ရေးသားသည့် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့်ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြု လုပ်ခဲ့သည်။
၄င်းစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာပေချစ်သူများအသင်းဝင် စာရေးဆရာမ စောငယ်ငယ် (မိုးညှင်း)၊ ဦးမိုးဟိန်းနှင့် ဒေါ်နှောင်းနှောင်းထွန်းတို့က တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ၊ ဂီတ၊ ရုပ်ရှင်၊ ဗွီဒီယို၊ သဘင်၊ ကိုယ်နှုတ်အမူအရာ၊ ရိုင်းပျခြင်းရဲ့ ဆန့်ကျင်ဘက်၊ ဘာသာ၊ ယဉ်ကျေးမှု ၀တ်စား ဆင်ယဉ်ထုံးဖွဲ့မှု၊ လူ့အသုံးအဆောင်၊ ရိုးရာဓလေ့စရိုက် စသဖြင့် တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းများ အကြောင်းကို အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူ စာပေချစ်မြတ်နိုးသူ အသင်း၀င်များက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသည့် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုမှတ်တမ်း ဓါတ်ပုံများ၊ နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ချက်များနှင့် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာများ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများကို စာပေချစ်မြတ်နိုးသူ အသင်းဝင်များ က လေ့လာကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။
တိုးတိုးမေ− ဟိုပင်