နတ်မောက် ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စား များ အတွက် ပင်စင်များကို ယနေ့ နံနက် ၇ နာရီ တွင် လူစုလူဝေးမဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။
ယင်းသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက်ထုတ်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် စနစ်တကျရှိစေရန် သုံးပေအကွာစည်းဝိုင်းများပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မပါသူများအခမဲ့ဖြန့်ဝေပေး ခြင်း၊ ကိုယ်အပူချိန် တိုင်းကရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို မြို့နယ်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါပင်စင်ထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဩဂုတ်လ ၂၁ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၂)ရပ် ကွက်နှင့် ကျေးရွာ (၁၃)ရွာမှ ပင်စင်စားများအားလည်းကောင်း၊ ၂၄ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာ(၁၁)ရွာမှ ပင်စင်စားများအား လည်းကောင်း၊ ၂၅ ရက်တွင် မြို့ပေါ်ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာ (၁၃)ရွာမှ ပင်စင်စားများအားလည်းကောင်း၊ ၂၆ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက် (၁)ရပ်ကွက်နှင့် ကျေးရွာ (၁၃) ရွာမှပင်စင်စား များအားလည်းကောင်း၊ ၂၇ ရက်နေ့တွင် ကျေးရွာ (၁၂)ရွာမှ ပင်စင်စားများအားလည်းကောင်း ၊ ၂၈ ရက်နေ့တွင် ကျေးရွာ (၁၁)ရွာမှ ပင်စင်စားများအားလည်းကောင်း အငြိမ်းစားလစာထုတ်ပေးသည့်နေ့ရက်များအလိုက် နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအချိန်ထိ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
လှဝင်း (နတ်မောက်)