လွိုင်ကော် ဇန်နဝါရီ ၅
လွိုင်ကော်မြို့၌(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ (၁)ရက်နေ့မှစတင်၍ ပြည်နယ်အားကစားရုံများတွင် အမျိုးသား ၊ အမျိုးသမီး တင်းနစ် ၊ စားပွဲတင် တင်းနစ် ၊ ကြက်တောင် အားကစားပြိုင်ပွဲနှင့် အမျိုးသားအသင်းလိုက် ဖူဆယ်ဘောလုံးပြိုင်ပွဲများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) အားကစားကွင်းတွင် ပြေးခုန်ပစ် ၊ သံလုံးပစ် ၊ လွန်ဆွဲ ၊ အာလူးကောက်နှင့် မုန့်စားပြိုင်ပွဲများကို အသီးသီးကျင်းပခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပြည်နယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ပြည်နယ်ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများတို့က ဆုရရှိသော အားကစားသမားများအား ဆုများကိုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)