တနင်္သာရီမြို့နယ်၊ အထက (ခွဲ) ဇဝဲကျောင်း၏ (၂၀၂၀-၂၀၂၁) ပညာသင်နှစ်၊ အထက်တန်းအဆင့် စတင်ဖွင့်လှစ်

တနင်္သာရီ   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ အထက (ခွဲ) ဇဝဲကျောင်း ၂၀၂၀-၂၀၂၁ ပညာ သင်နှစ်၊ အထက်တန်းအဆင့် (A) အဆင့် ပြည့်မီပြီဖြစ်သဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အထက (ခွဲ) -ဇဝဲကျောင်း၏ အထက်တန်းအဆင့် ဖွင့်လှစ်နိုင်ရန်အတွက် ဇူလိုင်လတတိယအပတ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအုပ်ကြီး၊ ကျောင်းအကျိုးဆောင်အဖွဲ့နှင့် မိဘဆရာအသင်း၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍စီစဉ်ဆောင်ရွက်ထားရှိမှုများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနှင့် ကျောင်းအပ်နှံရေး ကွင်းဆင်းကြီးကြပ်အဖွဲ့များက ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာအထက်တန်းကျောင်းဖြစ်ရန် ညွှန်ကြားချက်များအတိုင်း ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာကို တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ တင်ပြအစီရင်ခံထားရာ ယနေ့(A)အဆင့်ဖြင့် ဩဂုတ်လ၂၄ရက်နေ့မှစ၍ အထက်တန်းအဆင့်အား ဖွင့်လှစ်ခွင့်ပြုခဲ့သဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အထက်တန်းအဆင့် ကျောင်းစတင်ဖွင့်လှစ်ရာသို့ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်က ကျောင်းအုပ်ဆရာ မကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား၍ ကျောင်းတက်စဉ်ကာအတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များကို တိတိကျကျလိုက်နာကြရန်၊ တစ်လနောက် ကျပြီးမှ ဖွင့်ခွင့်ရရှိသဖြင့် မီအောင်လိုက်နိုင်ရန် ကြိုးစားဖို့လိုကြောင်း၊ နေမကောင်းဖြစ်ပါက ကျောင်းအုပ်ဆရာမကြီးထံ ချက်ခြင်းသတင်းပို့ကြရန် အမှာစကားပြောကြားသည်။

အထက(ခွဲ)-ဇဝဲကျောင်းတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း၊ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ် ဝင်တန်း (Grade-11)တွင် ကျောင်းသား၊ ကျောင်းသူ (၃၈) ဦးနှင့်(Grade-10) သင်ရိုးသစ်၊ နဝမတန်းတွင် ကျောင်းသား၊ ကျောင်းသူ (၈၆) ဦးရှိ၍ စာသင်ခန်း (၇) ခန်းဖြင့် တစ်သုတ်တက်စနစ်နှင့် နေ့စဉ်နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တက်ရောက်ရမည်ဖြစ်ကြောင်း စနစ်တကျလက်ဆေးစေခြင်း၊ မျက်နှာအုပ် Face Shield များကို စနစ်တကျ သတ်သတ်မှတ်မှတ်အသုံးပြုရန်ဖြစ်ကြောင်း၊ သောက်ရေကိုလည်း အများသုံးစနစ် အသုံးမပြုစေဘဲ ကိုယ်ပိုင်ရေသန့်ဗူးစနစ်ဖြင့်သာ တက်ရောက်သင်ကြားပေးမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းရီထံမှ သိရှိရသည်။ တနင်္သာရီမြို့အတွင်းဖွင့်လှစ်ရန် အထက်တန်းကျောင်း (၅) ကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း စုစုပေါင်း (၁၁) ကျောင်း ကျန်ရှိနေပြီး၊ (A) အဆင့်ဖြစ်စေရေး အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးကော်မတီမှ ၎င်းကျောင်းများသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)