ကန်ကြီးထောင့် ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ကတာဝန်ယူတည်ဆောက်သည့် လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာသစ် အဆောက်အဦ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်၁၀နာရီက အမှတ်၂ရပ်ကွက်၊ အကွက်အမှတ်(B) မြို့သစ်ရပ်ရှိ အဆိုပါ အဆောက်အဦရှေ့၌ ပြုလုပ်ရာဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုဖွင့် လှစ်မည့် လေးခန်းတွဲ လေးထပ်အဆောက်အဦအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု၍ ဖွင့်လှစ်သည့် အဆောက်အဦဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ နေထိုင်ရေး အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် ခွဲဝေရရှိသည့် ဘဏ္ဍာငွေဖြင့် တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် တည်ဆောက်ပေးရမည့် ဝန်ထမ်းအိမ်ရာများမှာ များစွာ ကျန်ရှိနေသေးကြောင်း၊ ကျန်ရှိနေသေးသည့် ဝန်ထမ်းအိမ်ရာများကို ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခွင့်ရသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့နေထိုင်သည့် အဆောက်အဦ ရေရှည် တည်တံ့အောင် စနစ်တကျ နေထိုင်ကြရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖော်ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရပစ္စည်းအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဝန်ထမ်းအိမ်ရာဖွင့်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီး တင်ဇော်ထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧည့်သည်တော်များက အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အဆောက်အဦအား တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ (၃၁၈.၃၂၆) ကျပ်သန်းဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရပြီး အလျား ၆၁ပေ၆လက်မ၊ အနံ၅၁ပေ အကျယ်အဝန်းနှင့် တစ်ယူနစ်လျှင် ၆၅၀ စတုရန်းပေ ကျယ်ဝန်းသော လေးခန်းတွဲလေးထပ် အဆောက်အဦဖြစ်သည်။ တိုင်းဒသကြီး မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကန်ကြီးထောင့်မြို့၌ ဝန်ထမ်းအိမ်ရာ ၃လုံးအား အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ရာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်၁လုံး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၁လုံး၊ စုစုပေါင်း ၂လုံးအား အကောင်အထည်ဖော် ဆောင်ရွက်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ၁လုံးအား နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်