စစ်တွေ ဇန်နဝါရီ ၄
၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စစ်တွေမြို့ ဝေသာလီအားကစား ကွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ်၂၀ အချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဂုဏ်ပြုတပ်ဖွဲ့က လွှင့်တင်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက နိုင်ငံတော်အလံကို အလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းတို့က စစ်ကြောင်း ချီတက်ပြီး စစ်ရေးပြမှူးက ဦးဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအား အလေးပြုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများက နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းဆောင်ရွက်ကြသည်။ ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ဖတ်ကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်သည် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက် ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေး အပ်ချီးမြှင့်ကာ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်စု ပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း