သံဖြူဇရပ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်လှစ်

သံဖြူဇရပ် ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကမြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးကို ကျရာကဏ္ဍတွေမှာ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတဲ့ ကောင်းမြတ်တဲ့စိတ်ထားတွေကို အရင်းခံပြီး ဖွဲ့စည်းထားတယ်၊ ရပ်ကွက်/ကျေးရွာတွေထဲမှာ သာရေး၊ နာရေးကအစ လူမှုရေး ကိစ္စရပ်တွေမှာ အရန်မီးသတ်နှင့် မဆိုင်တဲ့ကိစ္စဆိုတာ မရှိတဲ့အတွက် တာဝန်သိမှုဟာအရေး ကြီးတယ်၊ မီးသတ်ပညာရပ်များ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့လာ​​စေရေးအတွက် လှုံ့ဆော်ပညာပေးရေး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ စေတနာ့ဝန်ထမ်းများ ပါဝင်ကူညီ ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနက အရန်မီးသတ်တပ်ဖွဲ့ကိုဖွဲ့စည်းထားခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်တွေမှာ ကောင်းမြတ်တဲ့ မီးသတ်အင်္ဂာရပ်(၁၀)ပါးတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေးက သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြား၍  မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ခင်မောင်ထွန်းက အရန်မီးသတ်ဝတ်စုံ အားပေးအပ်ချီးမြှင့်ပေးခဲ့ပြီး၊ သင်တန်းတွင် သင်တန်း သား(၂၅)ဦးတို့ကို  ဇန်နဝါရီ၃ရက်နေ့မှ၂၈ ရက်နေ့အထိ(၂၆)ရက်တာကာလ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမွန်(ပြန်/ဆက်)