သဲကုန်း ဇန်နဝါရီ ၃
ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ထူးချွန်ထက်မြက်သည့် လူငယ်များပေါ် ထွက်လာစေရန် ရည်ရွယ်၍ ပြည်ခရိုင်၊သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်မှ အဖွင့်အမှာစကား ပြောကြားပြီး သဲကုန်း အခြေခံပညာ အထက်တန်း ကျောင်းမှ လယ်ပြဆရာ ဦးသန်းမြင့်က လွတ်လပ်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာဖြင့် လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်မှုများ၊ ရရှိထားသော လွတ်လပ်ရေးအား အလေးထား တန်ဖိုး ထားပြီး ကာကွယ် ထိန်းသိမ်းရမည်ဖြစ်ကြောင်းကို အသိပညာပေး ဟောပြောပေးသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများကို တန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွား လာစေရန်နှင့် အတွေးအခေါ် အမျှော်အမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ စာအုပ်၊စာစောင် ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)